Sunday, December 18, 2011

မိုးကောင်းကင်ကြီးရယ်


ညို့ မှိုင်းနေတဲ့ မင်းကိုငါမြင်လိုက်ရတိုင်း
အလှမ်းတွေ ကွာဝေးနေရတဲ့
ငါတို့ ရဲ့ တောင်ပေါ်ဒေသဆီကို
အခါတိုင်းထက်ပိုပြီး သတိရနေခဲ့မိတယ်။
မေ့မရခြင်းတွေက များလို့ 
အပြေးပြန်သွားခဲ့ချင်ပေမဲ့လည်း
တာဝန်ဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာ
ကျေပွန်ဖို့ ကြိုးစားနေရတဲ့ ငါ့အတွက်
စိတ်ကူးရုံသက်သက်ကလွဲလို့ 
ဖြစ်မလာနိုင်ခဲ့ဘူးလေ။
  ပစ္စုပ္ပန်ရဲ့ ဇယားတွေကိုဖြေရှင်း
ဆုံနိုင်ခြင်းတွေနှင့် ကေကွင်းနေရတာကြာလာလေလေ
တစ်ခါတစ်ခါဆို တမ်းတမှုတွေနှင့်မျက်ရည်လည်ရင်း
အိမ်လွမ်းသူ တစ်ယောက်ရဲ့  ရင်ခွင်နယ်ဟာ
မင်းလိုပဲလွမ်းဆွတ်ခြင်းတွေနဲ့ အတူ
သာယာမှုတွေကလည်းကင်းမဲ့နေခဲ့ပေါ့။
ဒါပေမဲ့ ခဏလေးအတွက်ပါပဲ
ညို့ မှိုင်းခြင်းတွေရဲ့ အဆုံသတ်မှာ
ကြွေကျလာတဲ့ မိုးရေစက်တွေကုန်သွားတော့လည်း
အလင်းတန်းတွေကို ပြန်လည်အသက်သွင်း
ကြည်လင်တဲ့ကောင်းကင်ကြီးဖြစ်လာဖို့ ဖန်ဆင်းရင်း
အဖြစ်သင့်ဆုံးဘ၀ရဲ့ ရည်မှန်းချက်ပဲ မဟုတ်လား
အဲ့ဒါကြောင့် မင်းကိုကြည့်ရင်းနားလည်
အနာဂတ်အတွက်အားငယ်စိတ်တွေကိုဖယ်လို့ 
ခြေလှမ်းသစ်တွေကို မာန်အပြည့်ထည့်
အောင်မြင်ခြင်းဆိုတဲ့ ပန်းတိုင်ဆီကိုခရီးဆက်ဖို့ 
မျှော်လင့်ချက် အလင်းတန်းတွေရဲ့ အောက်မှာပဲ
ငါ့အလွမ်းတွေကိုမှေးစက်နားခိုင်းလိုက်တော့မယ်ကွယ်။ 
By Si Noon

No comments:

Post a Comment