Sunday, December 18, 2011

အပြောင်းအလဲများနဲ့မီဒီယာ


“အရာအားလုံးဟာအမြဲတမ်းပြောင်းလဲနေကြတယ်” ဆိုတဲ့အဆိုစကားဟာ ပြောင်းလဲမှုတွေမရှိတာကြာပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော်ကို တလှမ်းချင်းလှမ်းလာလို့နေပါပြီ။ ကျွန်တော်တို့နိုင်ငံဟာ ပြောင်းလဲမှုတွေမရှိဘဲ စစ်ဖိနပ်အောက်မှာအနင်းခံထားရတာ နှစ်ပေါင်း ၅၀ နီးပါးရှိခဲ့ပါပြီ။ သို့သော်လဲ အများသူငါသိကြတဲ့အတိုင်း ဦးသိန်းစိန်အစိုးရတက်လာပြီး အခုလက်တလောကာလမှာ အပြောင်းလဲလေးတွေတွေ့လာရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ မေးခွန်းထုပ်မနေတော့ပါဘူး။ ဖြစ်ပေါ်လာတဲ့အပြောင်းလဲလေးတွေထဲမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့အပြောင်းအလဲလေးတွေလည်းပါဝင်လာပါတယ်။ အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်လာတဲ့အပြောင်းအလဲလေးတွေပါ။

အားလုံးသိကြတဲ့အတိုင်း တိုင်းပြည်တပြည်မှာ မီဒီယာဆိုတဲ့အခန်းကဏ္ဍဟာ အင်မတန်မှကြီးလေးပြီး အရေးပါတဲ့နေရာကနေပါဝင်နေပါတယ်။ မီဒီယာက အစိုးရနဲ့ပြည်သူတွေကြား၊ ပြည်သူနဲ့ပြည်သူကြား၊ ပြည်သူနဲ့နိုင်ငံတကာကြား၊ နောက်ဆုံး လူတစ်ဦးနဲ့တစ်ဦးကြားမှာ နေ့စဉ်သတင်းရေးရာတွေကိုသယ်ယူပို့ဆောင်ပေးနေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ၊ ဥပဒေပြုရေးစတဲ့အဓိကမဏ္ဍိုင်ကြီးသုံးခုရဲ့နောက်မှာ စတုတ္ထမဏ္ဍိုင်အဖြစ် မဏ္ဍိုင်ကြီးသုံးခုနဲ့ ပြည်သူတွေကြားမှာလည်းရှိနေပြန်ပါတယ်။ ပြီးတော့သူ့ရဲ့တာဝန်ကသတင်းအချက်အလက်တွေဖြန့်ဖြူးဖို့အပြင် သူအပေါ်က မဏ္ဍိုင်ကြီးသုံးခုကိုလည်း စောင့်ကြည့်နေရပြန်ပါတယ်။ အစိုးရနဲ့ပြည်သူတွေကြားမှာ ပွင့်လင်းမြင်သာမှုကို တည်ဆောက်ပေးဖို့ရန်အတွက်မီဒီယာမှာလွတ်လပ်ဖို့လိုအပ်ပါတယ်။ အဲဒါမှသာ အစိုးရရဲ့လုပ်ရပ်တွေဟာ မှန်သလား မှားသလားဆိုတာ ပြည်သူတွေသိရှိနိုင်ပြီး ပြည်သူတွေရဲ့အမြင်သဘောထားအမှန်တွေကိုလည်း လွတ်လွတ်လပ်လပ် ဖေါ်ပြခွင့်ရနိုင်မှာပါ။ တကယ်လို့ တိုင်းပြည်တပြည်မှာ မီဒီယာလွတ်ခွင့်သာမရှိဘူးဆိုရင် အဲဒီပြည်သူတွေဟာ မျက်မမြင်၊ ဆွံ့အနားမကြားတွေနဲ့ထူးမခြားနားဖြစ်နေပါလိမ့်မည်။

ကျွန်တော်တို့တိုင်းပြည်မှာ ၁၉၆၂ မတိုင်ခင်ကဆိုရင် တရုတ်၊ ကုလား သတင်းစာတွေ      ထုပ်ဝေခွင့်ပေးတဲ့အထိတောင်လွတ်လပ်ခဲ့တယ်လို့ဆိုတဲ့မီဒီယာဟာ ၁၉၆၂ ကစပြီးလွတ်လပ်မှုမရှိသလောက်ဖြစ်နေခဲ့ပါတယ်။ အဲ… အခုတော့ပြောင်းလဲလာပါတယ်။ အရင်က ပြည်တွင်းမီဒီယာအားလုံးကို အစိုးရကချုပ်ကိုင်ထားပြီး အစိုးရရဲ့အာဘော်တွေကိုသာ ဖော်ပြထုတ်လွှင့်ခွင့်ပေးခဲ့တာပါ။ အခုတော့အစိုးရရဲ့အာဘော်ဖြန့်မှုတွေ ပျော့ပြောင်းညှင်သာလာပြီး အတိုက်အခံအာဘော်တွေနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း အနည်းငယ်အပြုသဘောမျိုးတွေကို ရေးသားဖေါ်ပြခွင့်ပေးလာခဲ့ပါပြီး။ ဒါပေမယ့် အကန့်အသတ်တွေကများလွန်းနေသေးပါတယ်။ ဒါ့အပြင် အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကိုလည်း ပြည်တွင်းမှာဘယ်မီဒီယာကမှ ရေးသားပြောကြားခွင့်မရှိသေးပါဘူး။ ပြည်ပမှအတိုက်ခံမီဒီယာတွေကနေတဆင့်သာ ပြန်လည်ကြားသိရပါတယ်။ အကြောင်းအမျိုးမျိုးနဲ့အမှုဆင်ပြီး မတရားအကျည်းချထားတဲ့သတင်းထောက်တွေကိုလည်း ပြန်လည်လွတ်ပေးခြင်းမျိုးလည်းမရှိသေးပါဘူး။ လွှတ်တော်အစည်း အဝေးနဲ့အရေးကြီးတဲ့ထိပ်သီးအစည်းအဝေးတွေမှာလည်း သတင်းထောက်တွေသတင်းယူခွင့်မရှိသေးပါဘူး။ သတင်းယူခွင့်ပေးတာကလည်း အကန့်အသတ်နဲ့ မေးခွန်းတွေကိုကြိုတင်ပေးပို့ထားရပါတယ်။ သူတို့တွေ ဘာတွေကိုများကြိုတင်ပြင်ဆင်ချင်ပါလိမ့်နော်။

တကယ်ဆိုရင်အစိုးရရဲ့လုပ်ရပ်အမှန်အမှားတွေဟာ ပြည်သူတွေအပေါ်ကိုတိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။ အဲဒါကြောင့် အစိုးရရဲ့လုပ်ရပ်တွေကို ပြည်သူတွေအမှန်တိုင်းသိခွင့်ရှိပြီး အမှားတွေမဖြစ်ရလေအောင် တားဆီးပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ လွတ်တော်အစည်းအဝေးလုပ်တယ်ဆိုတာဟာ တိုင်းပြည်အတွက်ပါ၊ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို သွားပြောဆိုနေကြတာမဟုတ်ပါဘူး။ ပွင့်လင်းမြင်သာမှုရှိသင့်ပါတယ်။ တိုင်းပြည်မှာမီဒီယာလွတ်လပ်ခွင့်ဆိုတာက ဘယ် နိုင်ငံရေးစနစ်ကိုဘဲကျင့်သုံးနေပါစေ အဖျက်သဘောဆောင်တဲ့ ကျင့်ဝတ်ပျက် အတိုက်အခိုက်တွေကလွဲပြီး အဆုံးစွန်လွတ်လပ်သင့်ပါတယ်။

အဲဒါကြောင့် ကျွန်တော့အမြင်ပြောရရင် လက်ရှိအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွေအရ ပြောင်းလဲလားတဲ့ မီဒီယာလွတ်လပ်ခွင့်အပြောင်းအလဲတွေဟာ တကယ်တမ်းလွတ်လပ်သင့်တဲ့အတိုင်းအတာနဲ့ယှဉ်ရင်မပြောပလောက်သေးပါဘူး။ ပြီးတော့ အချိန်မရွေး ပြန်လည်ရုပ်သိမ်းသွားနိုင်ပါတယ်။ သို့သော်လဲအားလုံးကတော့ ပြုပြင်ပြောင်းလဲရေးအတွက်လိုအပ်တဲ့ အစရဲ့အစ လို့ပြောတာကိုတော့လက်ခံနိုင်ကြပါလိမ့်မယ်။ အစရဲ့အစကနေပြီးတော့ အစ ပြီးတော့ အဆုံးထိကိုဆက်သွားဖို့ကိုလည်း မျှော်လင့်နေကြပါလိမ့်မယ်။ လိုအပ်နေတဲ့ပြောင်းလဲမှုမျိုး ကျွန်တော်တို့နိုင်ငံကို ရောက်လာမလား ရောက်မလာဘူးလားဆိုတာကိုတော့…………။

(လက်ရှိဖြစ်ပေါ်လာတဲ့ မီဒီယာလွတ်လပ်ခွင့်အပြောင်းအလဲတွေအပေါ်ကို “ဘ၀ဆိုတာအားလပ်ရက်ရှည်ကြီးတစ်ခုဘဲ” လို့ တနင်္ဂနွေနေ့တစ်ရက်ထဲ ပန်းခြံထဲမှာအသက်ရှင်ရတဲ့ လိပ်ပြာလေးတစ်ကောင်ရဲ့အမြင်သဘောလောက်မျိုးနဲ့သာ ထင်မြင်ချက်ပေးထားပါကြောင်း)

ဖိုးထူး

No comments:

Post a Comment